August 24, 2013

စကားလုံးတစ်လုံးရဲ့အင်အား


ချမ်းအေးတဲ့ ဆောင်းရာသီနေ့တစ်နေ့ လူစည်ကားတဲ့ လမ်းမတစ်နေရာမှာ ဟောင်းနွမ်းတဲ့ အဝတ်အစားနဲ့ မျက်မမြင် အဘိုးအိုတစ်ဦး တောင်းရမ်းနေခဲ့ပါတယ်။ ညစ်ပတ်ပေရေနေတဲ့သူ့ကိုယ်ပေါ်မှာ ပျဉ်ပြားတစ်ချတ်လည်း ချိတ်ဆွဲထားတယ်။ အဘိုးအိုက တိုင်တစ်တိုင်ကို မှီပြီး ချမ်းအေးလွန်းတဲ့ အအေးဒါဏ်ကို အံ့တုနေခဲ့တယ်။ ဆောင်းလေက အကြင်နာကင်းမဲ့စွာ သူ့ကိုယ်ပေါ်ကို တဟူးဟူး ဖြတ်တိုက်နေခဲ့တယ်။ မြင်ရသူအဖို့ ရင်နာစရာကောင်းလွန်းတဲ့ မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။

တစ်နေ့မှာ ဆင်းရဲသားကဗျာဆရာတစ်ဦးက အဘိုးအိုရှေ့ဖြတ်လျှောက်လာမိတယ်။ ကဗျာဆရာဟာ အဖိုးအိုကိုမြင်တော့ သနားပြီးပေးကမ်းဖို့ ကိုယ့်အိတ်ကပ်ကို စမ်းကြည့်လိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သူ့အိတ်ကပ်ထဲမှာ တစ်ပြားတစ်ချပ်မှ ရှိမနေခဲ့ပါဘူး။ ကဗျာဆရာက အဖိုးအိုကို သူလည်းဆင်းရဲတာကြောင့် ဘာမှမပေးနိုင်ကြောင်း ဒါပေမယ့် အဘိုးအိုကိုယ်ပေါ်မှာ ချိတ်ဆွဲထားတဲ့ ပျဉ်ပြားပေါ်မှာ စာတချို့ရေးပြီး ကူညီခဲ့ချင်ပါကြောင်း ပြောပြတယ်။ ဒီလိုနဲ့ပဲ ကဗျာဆရာဟာ အဘိုးအိုဆီခွင့်တောင်းပြီး ပျဉ်ပြားပေါ်မှာ စာတချို့ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာ အဘိုးအိုက လမ်းသွားလမ်းလာတွေရဲ့ သနားဂရုဏာ ပိုရခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အချိန်တွေ တဖြည်းတဖြည်းကုန်လွန်လာခဲ့ပါတယ်။ တစ်ရက်မှာ ဆင်းရဲသားကဗျာဆရာနဲ့ အဘိုးအိုဆုံမိကြပြန်ပါတယ်။ ကဗျာဆရာဟာ အရင်ကအဘိုးနဲ့ဆုံဖူးတဲ့အကြောင်း ငွေအနည်းငယ်ပေးရင်းရှင်းပြတဲ့အခါမှာ အဘိုးအိုကမှတ်မိသွားပြီး "ပျဉ်ပြားပေါ်မှာဘာတွေများရေးထားခဲ့လို့ လူတွေကအဘိုးကို ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲကြတာလဲ" လို့မေးတော့ ကဗျာဆရာက ရယ်ရယ်ပြုံးပြုံးနဲ့ပြန်ဖြေခဲ့ပါတယ်။ "နွေရောက်တော့မယ်ကွယ် .... ဒါပေမယ့်  ငါ့မှာမြင်နိုင်ခွင့်မရှိတော့ပါဘူး ... လို့ ရေးထားခဲ့တာပါ" လို့ ပြန်ဖြေခဲ့ပါတယ်။

စာပေပညာရှင်ရဲ့ စကားအသုံးအနှုန်းက လူတွေရဲ့စိတ်ကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်။ ဆင်းရဲသားကဗျာဆရာက အဖိုးအိုရဲ့ အားနည်းချက်ကို လှလှပပဖော်ကျူးပြီး လူတွေကို ပိုပြီးဂရုဏာသက်စေခဲ့ပါတယ်။ ကဗျာဆရာက အဖိုးအိုကို သူ့ရဲ့ကျွမ်းကျင်မှုနဲ့ကူညီနိုင်ခဲ့တာဟာ စကားလုံးတစ်လုံးရဲ့ အင်အားကိုပြသသွားတာလည်းဖြစ်ပါတယ်။

ဒီပုံပြင်မှာ ကဗျာဆရာရဲ့နေရာမှာ သာမာန်တစ်ခြားတစ်ယောက်သာစေတနာရှိလို့စွန့်ကြဲပေးကမ်းခဲ့မယ်ဆိုရင် သူတစ်ဦးတည်းပေးကမ်းတဲ့ ငွေသားအချို့ပဲရမှာပါ။ ကဗျာဆရာကတော့ ငွေမရှိပေမယ့် ငွေထက်အများကြီးအင်အားကြီးတဲ့ စကားလုံးလေးနဲ့ကူညီသွားတာပါ။ ကလောင်သွားကဓါးသွားထက် ထက်တယ်ဆိုတာပြသွားတာပါ။ ကလောင်သွားနဲ့ လူတစ်ယောက်ကို ခေါင်းမဖော်ဝံ့အောင်သတ်နိုင်သလို လူတစ်ယောက်ကို လမ်းမှန်ပေါ်ရောက်အောင်လည်း တွန်းပို့နိုင်ပါတယ်။

No comments: