August 23, 2013

၉၉ ပြား မိသားစု

ဟိုးရှေးရှေးတုန်းက လောကကြီးတစ်ခုလုံးကို ပိုင်စိုးထားတဲ့ ဘုရင်ကြီးတစ်ပါးရှိပါတယ်။ ဘုရင်ကြီးဟာ အရာရာကို ပိုင်ဆိုင်ထားသည့်တိုင် အလိုဆန္ဒတွေမပြည့်ဝနိုင်ပဲ ပျော်ရွှင်မှု မရှိခဲ့ပါဘူး။ ပျော်ပွဲရွှင်ပွဲတွေ၊ ညစာစားပွဲတွေ အစရှိတဲ့ပွဲတွေ မျိုးစုံအောင်ကျင့်ပခဲ့သည့်

တိုင်အောင် သူ့ဘ၀ဟာ ဘာဖြစ်လို့ မပျော်မရွှင်ဖြစ်နေမှန်း ၊ အလိုမကျမှန်းမသိပဲ စိတ်ရှုပ်နေခဲ့ပါတယ်။

တစ်နေ့မှာ ဘုရင်ကြီးဟာ မနက်စောစောထပြီး နန်းတော်ထဲလှည့်ပတ် ကြည့်ရှု့ခဲ့ပါတယ်။ စားဖိုဆောင်အရောက်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းဆိုနေတဲ့အသံကိုသူကြားလိုက်ပါတယ်။ အသံလာရာနောက်ကို ဘုရင်ကြီးလိုက်ကြည့်တော့ စားဖိုမှူးတစ်ယောက်ကို တွေ့ပါတယ်။ သီချင်းဆိုနေတဲ့ စားဖိုမှူးမျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေထင်ဟပ်နေတာကိုတွေ့ရော ဘုရင်ကြီးက တစ်အံ့တစ်သြနဲ့ စားဖိုမှူးကို ဘာကြောင့် ဒီလောက်ပျော်ရွှင်နေရသလဲလို့ မေးပါတယ်။

"အရှင်မင်းကြီး ကျွန်တော်မျိုးဟာ စားဖိုမှူးတစ်ယောက်သာဖြစ်ပေမယ့် ကျွန်တော်မျိုးရဲ့ဇနီး၊ သားသမီးတွေကို ကျွန်တော်တတ်နိုင်သလောက်ပျော်ရွှင်စေပါတယ်။ ကျွန်တော်မျိုးတို့ သိပ်များများ မလိုပါဘူး။ နေဖို့တဲတစ်လုံးရှိမယ်။ ဗိုက်ထဲမှာ အစာရှိမယ်ဆိုရင် လုံလောက်ပါပြီ။ ဇနီးနဲ့သားသမီးတွေကတော့ ကျွန်တော့်စိတ်ကို ပံ့ပိုးကူညီ သူတွေဖြစ်ပါတယ်။ အိမ်ကိုကျွန်တော် ကျွန်တော်ယူလာမယ့် မည်သည့်သေးသေးမွှားမွှားအရာမဆို သူ့တို့အလိုကို ပြည့်စေပါတယ်။ သူတို့ဟာ ကျွန်တော်မျိုးရှာဖွေပေးတာလောက်နဲ့ ရောင့်ရဲတင်းတိမ်ပြီးပျော်ရွှင်ကြပါတယ်။ ကျွန်တော်မျိုးမိသားစုတွေ ပျော်ရွှင်ကြလို့ ကျွန်တော်လည်း အခုလို နေ့တိုင်းပျော်ရွှင်နေရခြင်းဖြစ်ပါတယ်" လို့စားဖိုမှူးကြီးက ဖြေတယ်။

ဘုရင်ကြီးလည်း စားဖိုမှူးပြောတဲ့စကားကို အမတ်ကြီးတစ်ဦးနဲ့ တိုင်ပင် ဆွေးနွေးတယ်။ အမတ်ကြီးက "အရှင်မင်းကြီး ဒီစားဖိုမှူးဟာ ၉၉ ပြား မိသားစု မဖြစ်သေးလို့ပါ " လို့ဖြေတယ်။ "၉၉ ပြားမိသားစု ဆိုတာဘာလဲ" လို့ ဘုရင်ကြီးက သိလိုစိတ်နဲ့ ပြန်မေးတယ်။

"" ၉၉ ပြားမိသားစုဆိုတာ သိချင်ရင် အရှင်မင်းကြီး ဒီလိုလုပ်ပါ။ ပထမဆုံး အထုတ်တစ်ထုတ်ထဲကို ငွေပြား ၉၉ ပြား ထည့်ပြီး စားဖိုမှူးရဲ့အိမ်တံခါးဝနားမှာ သွားချထားပါ။ ၉၉ ပြားမိသားစုအကြောင်းအရှင်မင်းကြီး အမြန်ဆုံးသိလာပါလိမ့်မယ်။

အမတ်ကြီးပြောသလို ဘုရင်ကြီးဟာ ငွေပြား ၉၉ ပြားထည့်ထားတဲ့ အထုတ်ကို ပျော်ရွှင်တဲ့စားဖိုမှူး အိမ်ရှေ့ကို သွားချထားလိုက်ပါတယ်။ အိမ်ပြန်လာတဲ့ စားဖိုမှူးဟာ အထုတ်ကိုတွေ့တော့ အထဲမှာဘာတွေရှိလဲဆိုတာ သိလိုစိတ်ပြင်းပြပြီး ဖြေကြည့်လိုက်တယ်။ အထဲမှာ ငွေကြေးတွေကိုလည်း တွေ့ရော ၀မ်းသာအားရ အော်ပါတယ်။

"အလို .... ငွေတွေ .. ဒီလောက်များတဲ့ငွေတွေ"

စားဖိုမှူးဟာ အထုတ်ကို စားပွဲပေါ်ချပြီး ငွေတွေကိုရေတွက်ကြည့်တော့တာပေါ့။

"၉၉ ပြား" တဲ့

ကိုးလိုးကန့်လန့်နဲ့ ပြား ၁၀၀ မပြည့်ဘူးဆိုပြီး ငွေတွေကိုသူထပ်ပြီးရေတွက်ပြန်တယ်။ ဒါပေမယ့် ဘယ်လိုပဲရေတွက်ရေတွက် ငွေပြားတွေဟာ ၉၉ ပြားပဲ ဖြစ်နေတာပဲ။ ၉၉ ပြားတော့ မဖြစ်နိုင်ဘူး။ ဘယ်သူကမှ ၉၉ ပြားတော့ထည့်ထားမှာ မဟုတ်ဘူး။ သူအိတ်ထဲကနေ ငွေပြားတွေ ထုတ်တုံးက တစ်နေရာရာမှာ ကျပျောက်သွားတာ ပဲဖြစ်မယ်လို့တွေးလိုက်တယ်။ ကျန်တဲ့ငွေပြား ၁ ပြား ဘယ်ရောက်သွားပြီလဲဆိုပြီး စားဖိုမှူးလည်း ငွေပြားတစ်ပြား ရှာပုံတော်ဖွင့်ပါတော့တယ်။ အိမ်ထဲရောအိမ်အပြင်ပါ မကျန်နေရာအနှံရှာဖွေတာ လူသာပင်ပန်းသွားတယ် ငွေတစ်ပြားက မတွေ့ခဲ့ဘူး။ သူတစ်စတစ်စ မျှော်လင့်ချက်တွေမဲ့လာတယ်။ စိတ်ထဲမှာ မပျော်မရွှင်ဖြစ်လာ တယ်။ ငွေပြားတစ်ပြားကို နောက်တစ်နေ့မနက်မှ ထပ်ရှာမယ်လို့ဆုံးဖြတ်လိုက်တယ်။ ဒါမှ ပြားတစ်ရာပြည့်မယ်။

ညက ငွေတစ်ပြားရှာရတဲ့ဒါဏ်ကြောင့် နောက်တစ်နေ့ မနက်မှာ အိပ်ယာထနောက်ကျခဲ့လို့ စားဖို့မှူးဟာမပျော်မရွှင်ဖြစ်နေတယ်။ သူ့ဇနီးနဲ့ သားသမီးတွေကို မနှိုးရကောင်းလားဆိုပြီး ဆူပူငေါက်ငန်းတယ်။ငွေတစ်ပြားရှာဖို့ သူ့မှာ အချိန်မရှိတော့ဘူးလို့ဆိုတယ်။ စားဖိုဆောင်ကို သူနောက်ကျပြီးမှ အပြေးအလွှားရောက်လာခဲ့တယ်။ သူ့ပုံစံကလဲ ခါတိုင်းလို ပျော်ပျော်ရွှင်ရွှင် ဖြစ်မနေဘူး။ သီချင်းတွေလည်း  မညည်းဆိုနိုင်တော့သလို၊ လေလည်း မချွန် နိုင်တော့ဘဲ ခေါင်းငုံ့ပြီး အလုပ်တွေပဲ သိမ်းကျုံးလုပ်နေခဲ့တယ်။ ဘုရင်ကြီးက သူ့ကို တိတ်တိတ်လေး အကဲခတ်နေတယ်ဆိုတာကိုလည်း သူသတိမထားနိုင်တော့ပါဘူး။ စားဖိုမှူးရဲ့စိတ်တွေ ဒီလောက်အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တာကို ဘုရင်ကြီးနားမလည်နိုင်ဖြစ်ခဲ့တယ်။ ဒီလောက်များတဲ့ငွေကိုရတဲ့ စားဖိုမှူးဟာ ပိုပျော်သင့်တယ်လို့ ဘုရင်ကြီးထင်ခဲ့တယ်။ ဒီလိုနဲ့ အမတ်ကြီးကို မေးမြန်းပြန်တယ်။ အမတ်ကြီးက ..

"အရှင်မင်းကြီး ... ဒီစားဖိုမှူးဟာ ၉၉ ပြားမိသားစုထဲ လုံးဝ ၀င်ရောက်လာပါပြီ"လို့ဖြေပါတယ်။

၉၉ ပြားမိသားစုဆိုတာ သူတို့ ဘယ်လောက်ပဲ ပိုင်ဆိုင်ထားသည့်တိုင်အောင် မပြည့်ဝတတ်သူတွေဖြစ်တယ်။

သူတို့ဟာ အဲ့ဒီ ထပ်ဖြည့်ရမယ့် ငွေလေး တစ်ပြားအတွက် အလုပ်တွေကို နေ့မနားညမနား လုပ်ကြတယ်။

ပြားတစ်ရာ ပြည့်မယ့် သူတို့ရဲ့ လိုအင်ဆန္ဒအတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ကြတယ်။

တစ်ကျပ်ပြည့်ဖို့အတွက် လိုအပ်တဲ့ တစ်ပြားကို အားအင်တွေကုန်ခမ်းတဲ့အထိ လိုက်ရှာပြီး

ပျော်ရွှင်ခြင်းတွေ၊ ကျန်းမာရေးတွေစွန့်တဲ့လူတွေဟာ ၉၉ မိသားစု (ကျပ်မပြည့်တဲ့မိသားစု) ပဲဖြစ်တယ်။


ဥစ္စာပစ္စည်းရဲ့ တစ်ရာပုံ တစ်ပုံနဲ့ ပျော်ရွှင်ခြင်းကို ၀ယ်နိုင်ရင် ဒါဟာထိုက်တန်ပါတယ်။

ဒါပေမယ့် ဥစ္စာပစ္စည်းတစ်ပုံအတွက် ပျော်ရွှင်ခြင်းတွေနဲ့ လဲတာကတော့မထိုက်တန်ပါဘူး။

သင်ဟာ ၉၉ ပြား မိသားစုလား ?


နိုင်းနိုင်းစနေရဲ့ First Step မှ

1 comment:

Anonymous said...

ဟုတ်တယ်နော်